တကယ်တော့ရေစက်ချတယ်ဆိုတာ “ရှေးထုံးလည်းမပယ်နဲ့၊
ဈေးသုံးလည်းမလွယ်နဲ့”ဆိုတဲ့စကားအတိုင်း ဘုရားလောင်း
ဝေဿန္တရာမင်းကြီးဘ၀တုန်းက လုပ်ရိုးလုပ်စဉ် လုပ်ငန်းစဉ်တစ်ခုကို အတုယူပြီး
လိုက်လုပ်နေကြတာပါ။ ဝေဿန္တာမင်းကြီးက ဆင်ဖြူတော်လှူတုန်းက
ဆင်ဖြူတော်ရဲ့နှာမောင်းကို အလှူခံပုဂ္ဂိုလ်တွေကိုကိုင်ခိုင်းထားပြီး
ရေစက်ချခဲ့ဖူးတယ်။ သားတော်ဂဏှာနဲ့၊ သမီးတော်ဇာလီကို
ဇူဇကာပုဏ္ဏားကိုလှူတုန်းကလည်း ရေစက်ချ ဘုရားဆုပန် လှူဒါန်းခဲ့ဖူးပါတယ်။
ရှေးသူတော်ကောင်းတွေပြုလုပ်ခဲ့ဖူးတဲ့ လုပ်ငန်းဖြစ်တဲ့အတွက်လည်း
နောင်လူနောင်သားတွေ လိုက်လုပ်သင့်ပါတယ်။ တကယ်တော့ ရေစက်ချတယ်ဆိုတာကလည်း
အဓိပ္မါယ်တွေများကြီးရှိပါတယ်။ ရေကို လှူဖွယ်ဝတ္တုအနေနဲ့တင်စားပြီး
အချက်(၃)ချက်နဲ့အညီ ရေစက်ချတာပါ။
(၁) မချီမနိုင်သော ပစ္စည်းဝတ္တုကို ချီမလွယ်ကူသော ရေနှင့်တင်စားခြင်း။
(၂) ရေ၌ ကြည်လင်အေးမြသန့်ရှင်းမှုရှိနေသလို့ အလှူရှင်တွေရဲ့ စိတ်မှာလည်း ကြည်လင်သန်ရှင်းနေပါကြောင်းတင်စားခြင်း။
(၃) ရေတစ်စက်တစ်စက်ကျ၍ ကုန်သွားရာ၌ နှမြောတပ်မက်မှုမရှိသလို
လှူ၍ကုန်သွားသော ပစ္စည်းဝတ္တုအပေါ်၌ တပ်မက်မှုတဏှာလောဘ
မရှိပါကြောင်းတင်စားပါတယ်။
တကယ်တော့ အလှူတစ်ခုပြုတိုင်း ရေစက်ချဖို့ထက်ပိုအရေးကြီးတာက
အမျှပေးဝေဖို့ပါ။ အခြေအနေအရ ရေစက်ချဖို့ အခွင့်မကြုံသော်လည်း
အမျှပေးဝေတာကိုတော့ မဖြစ်မနေလုပ်ဆောင်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
ကုသိုလ်ဖြစ်ကြောင်းတရား(၁၀)ပါးထဲမှာ ပတ္တိဒါန= အမျှပေးဝေခြင်း၊ ပတ္တာနုမောဒနာ
= ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ခြင်းရယ်လို့ ပါရှိပါတယ်။ နောက်ပြီး
အလှူအတန်းပြုလုပ်၍ အမျှပေးဝေမှ သာဓုခေါ်နိုင်တဲ့ ပြိတ္တာတွေအတွက်
အမျှပေးဝေမှသာသာဓုခေါ်နိုင်မှာပါ။ တကယ်တော့ အမျှပေးဝေတယ်ဆိုတာ
ကုသိုလ်ရှင်ရရှိထားတဲ့ ကုသိုလ်အဖို့တွေကို သာဓုခေါ်တဲ့သူတွေကို
ဝေမျှလိုက်တာပါ။ သို့သော်လည်း ကုသိုလ်ရှင်တွေအတွက်တော့ ကိုသိုလ်အဖို့က
လျော့ကျသွားခြင်းမရှိပါဘူး။ ဥပမာအားဖြင့် ဖယောင်းတိုင်မီးတစ်တိုင်က မီးကို
နောက်ထပ် ဖယောင်းတိုင်ဘယ်လောက်ပဲ မီးကူးပေးလိုက်ပေးလိုက် မူလဖယောင်းတိုင်က
မီးအလင်းလျော့ကျမသွားပါဘူး။ ဒါကြောင့် အလှူတစ်ခုပြုလုပ်ပြီးတိုင်း
ရေစက်ချတာထက် အမျှပေးဝေဖို့က ပိုအရေးကြီးပါတယ်။ သတ္တ၀ါအများ မေတ္တာပွား
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး အမြင်မှန်ရနိုင်ပါစေ . . . ။
ရခိုင်သားလေး
No comments:
Post a Comment